စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေး တစ်အိမ် တက်ဆင်း စစ်ဆေးခြင်းနှင့်အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရေဦး ဒီဇင်ဘာ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး  ရေဦးမြို့နယ်  မီးသတ်ဦးစီးမှုးရုံးအနေဖြင့်  မြို့နယ်တွင်းရှိကျေးရွာများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ ရေရရှိမှုလွယ်ကူစေရေးတို့အတွက်  ကွင်းဆင်း စစ်ဆေးမှုများ  ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်   မြို့နယ်မီးသတ်ဦးစီးအရာရှိ   ဦးရန်ပိုင်ဖြိုး၊  ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသန်း၀င်းနှင့်ရာအိမ်မှုးများ၊  ဒုမီးသတ်ဦးစီးမှုးနှင့်သန္ဓေတပ်ဖွဲ့၀င်များက  ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ ၉ ရက်နေ့အထိ  ရေဦးမြို့နယ်မန်ကျီးတောကျေးရွာ  လူနေအိမ် ၄၇၅ အိမ်အား မီးလောင်မှု မီးလန့်မှု မဖြစ်ပွားစေရေး အသိသတိဖြင့်ဆောင်ရွက်ကြရန်၊  အထူးသဖြင့်   မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ ထားရှိကြရန်၊   လက်ရှိမီးသုံးစွဲနေမှုအခြေအနေနှင့် ကျေးရွာတွင်း  ရေရှိနိုင်မည့်နေရာတို့ကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး   ဆောင်ရွက်သင့်သည် များကို စစ်ဆေးအကြံပေးပြောကြားခြင်း  ဆောင်ရွက်ခဲ့ကြသည်။ 

ထို့ပြင် မီးလောင်မှုဖြစ်ပွားရခြင်း  အကြောင်းအရင်းနှင့်  မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ပေးခဲ့ကြကြောင်းသိရသည်။

သန်းထိုက်( ရေဦး )