မော်လမြိုင်ကျွန်း မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာပြည်သူ (၆၉)ဦးအား တစ်ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် မတ်လနှင့် ဧပြီလအတွက် နှစ်လစာ (၄၀၀၀၀)ကျပ်နှင့် ဆန်တစ်ပြည် ပံ့ပိုးပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများမှာ တိုင်းဒေသကြီးပြင်ပမှ ဝင်ရောက်လာသူ အိမ်ထောင်စု (၁၆)စု၊ လူဦးရေ (၆၉)ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာပြည်သူ(၆၉)ဦးအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စာရင်းတွင်ရှိသော နိုင်ငံသားစိစစ်ရေးနံပါတ် မှန်/ မမှန် စစ်ဆေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ဆောင်ရွက်ပေးခြင်း၊ Unique Identification Number ပြုလုပ်ခြင်း မရှိသူများအားထုတ်ပေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ဆက်လက်ပညာသင်ကြားနိုင်ရေးစသည့်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)