ပွင့်ဖြူ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၃၆၁၉ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲဧက ၃၆၁၉ စိုက်ပျိုးရန်လျာထားပြီး မေလအတွင်း ရွာသွန်းသည့်မိုးဖြင့် စိုက်ပျိုးနိုင်ရေး လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မြေပဲ ၃၆၁၉ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ လက်ရှိမှာ မိုးမြေပဲ စိုက်ပျိုးနိုင်ဖို့ လယ်ယာမြေထွန်ယက်ပြုပြင်တာတွေ ၊ ပေါင်းမြက်ရှင်းလင်းတာတွေ လုပ်ဆောင်နေကြပါတယ်။ မိုးအစိုဓာတ် ရရှိတာနဲ့ စတင်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ မြေပဲစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တောင်သူတွေကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးမြေပဲစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး မြေပဲအထွက်နှုန်းများ ကောင်းမွန်စေရေး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများနှင့် သင်တန်းများပေးခြင်း၊ ဒေသနဲ့ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ခြင်း၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြေပဲကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုပါ ရောင်းချနိုင်သဖြင့် သီးနှံဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် မြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )