မကွေး မေ ၁၅
မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့"ဆိုင်းဘုတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယမန်နေ့က မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ရောက်ရှိရာ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆားစည်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဘင်ခရာတီးခတ်၍ ပန်းဖွားအကတို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားသို့တက်ရောက်လာသည့် လူရည်ချွန် မောင်/မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား မေလ ၂၂ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း (ပြန်ဆက်)