မြိတ် မေ ၁၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့နံနက်ပိုင်းက မြိတ်မြို့ရှိ ကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်း ပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြကြောင်း သိရသည်။
“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ် အလျား(၆)ပေ အနံ(၃)ပေရှိ မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလင်းယန်အေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက အ.ထ.က(၁)၊ အ.လ.က(၅)နှင့် အ.ထ.က(၅) တို့တွင် စိုက်ထူခဲ့ကြသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်ကာလသည် မေလ(၂၂)ရက်မှ ဇွန်လ(၁)ရက်အထိဖြစ်ပြီး ကျောင်းအသီးသီးတွင်လည်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများ၊ ကျောင်းအုပ်၊ ဆရာ/ဆရာမများ သိရှိလိုက်နာရမည့်အချက်များ၊ မိဘအုပ်ထိန်းသူများသို့ မေတ္တာရပ်ခံချက်များ၊ ကျောင်းအပ်နှံရေး သီတင်းပတ် နှိုးဆော်စာများနှင့် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန် အချက်များကို ဆက်လက်စိုက်ထူကြမည်ဖြစ်သည်။
မြိတ်မြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအသီးသီး၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြိတ်မြို့နယ်အတွင်း အထက်တန်းကျောင်း (၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၂)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၈)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)