ပွင့်ဖြူမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ အကောင်အထည်ဖော်စိုက်ပျိုး

ပွင့်ဖြူ မေ ၁၅

မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရန်အတွက် ယခုမေလ ပထမပတ်မှ စတင်ကာ တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ ကို ချောင်းဆုံကျေးရွာ၏ အနောက်မြောက်ဘက်ရှိ မြေကွက်လပ်တွင် မေလ ၅ ရက်နေ့ကစပြီး မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေ ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး မိုးကြိုရေလောင်းစနစ်ဖြင့် ဒဟတ်၊ ကုက္ကို၊ မယ်ဇလီအရိပ်ရပင်များကို စိုက်ပျိုးခဲ့ရာ ယနေ့အထိ အရိပ်ရပင် ၈၀၀ ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက နှစ်စဉ် မိုးရာသီကာလတွင် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်ရည်ရွယ်၍ ဒေသခံကျေးလက်နေပြည်သူများနှင့်ပူးပေါင်းပြီး တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) စိုက်ပျိုးခြင်းများ အပါအဝင် ကျေးရွာသုံးထင်းစိုက်ခင်းများ၊ ကျေးရွာပိုင် စိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင်လည်း အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပင်များစိုက်ပျိုးရန်အတွက် ချောင်းဆုံကျေးရွာပျိုးဥယျာဉ်ခြံတွင် ဒဟတ်၊ မယ်ဇလီ၊ ကုက္ကို၊ ဘောစကိုင်း၊ ယူကလစ်စသည့် အရိပ်ရပျိုးပင်ပေါင်း ၄၀၁၄၀ ပင် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်းနှင့် မိုးအစိုဓာတ်ရရှိသည်နှင့် တစ်ပြိုင်နက် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် စိုက်ပျိုးနိုင်ရေးအတွက် မြေကျင်းများတူးခြင်းလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )