ပွင့်ဖြူ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ ၃၃၄၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ ၃၃၄၇ ဧက စိုက်ပျိုးရန်လျာထားပြီး အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးမှုကို ယခုနှစ် မေလ တတိယပတ်က စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ စားသုံးသီးနှံဖူလုံစေရေးအတွက် ဟင်းသီး ဟင်းရွက်သီးနှံ ၃၃၄၇ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် လိုအပ်တဲ့ မျိုးသန့်မျိုးစေ့နဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ ကူညီဆောင်ရွက်ပေးသွားပါမယ်။ ဟင်းသီးဟင်းရွက်တွေက ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ မုံလာဥဖြူ ၊ ကြက်ဟင်းခါး၊ ငရုတ်၊ ဘူး၊ ဖရုံ၊ သခွါးစတဲ့ သီးနှံတွေ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်အားလုံးကို အစားအစာ ဘေးကင်းစေဖို့အတွက် GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်အောင် တောင်သူတွေကို နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် GAP နည်းစနစ်နဲ့အညီ စိုက်ပျိုးနိုင်ရေး နည်းပညာပေးသင်တန်းများပေးခြင်း၊ စိုက်ခင်းများမှ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်သီးနှံများ ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများဖြစ်စေရန် နည်းပညာပေးခြင်း၊ သီးနှံဝင်ငွေတိုးပွားရေး တောင်သူများ ဟင်းသီးဟင်းရွက် တိုးချဲ့စိုက်ပျိုးလာစေရန်အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးရေးလုပ်ငန်းသည် ဝင်ငွေတိုးပွားစေသောလုပ်ငန်းတစ်ခုဖြစ်၍ အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုပါ ရောင်းချနိုင်သဖြင့် တောင်သူများအတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဟင်းသီးဟင်းရွက်သီးနှံကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )