မြို့သစ် မေ ၁၅
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာတွင် မေလ ၁၁ ရက် မွန်းလွဲပိုင်းက မိုးကြိုးဘေးကြောင့်သေဆုံးသူများအတွက် ထောက်ပံ့ငွေနှင့် မေလ ၁၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ ကျေးရွာ(၅)ရွာတို့မှ လေဘေးသင့်အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုးကြိုးဘေးကြောင့်သေဆုံးသူ (၂)ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀/-) နှုန်းဖြင့် စုစုပေါင်း (၆၀၀,၀၀၀/-) အား လည်းကောင်း၊ လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း၊ အမိုးလန်အိမ်ခြေ (၃၀)လုံး၊ လူဦးရေ (၁၁၁)ဦးတို့ အတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုး (၉၂၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုး (၅၅၅,၀၀၀/-) စုစုပေါင်း ၁,၄၇၅,၀၀၀/- (ကျပ်တစ်ဆယ့်လေးသိန်း ခုနစ်သောင်း ငါးထောင်တိတိ) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က မိုးကြိုးဘေး/လေဘေးသင့်အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)