ဇီးကုန်း မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဇီးကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မိုးက သစ်တောသစ်ပင်စိုက်ပျိုးရေး၊ ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် သစ်ပင်များကို ထိန်းသိမ်းရသည့် အကြောင်းရင်းများ၊ ပတ်ဝန်းကျင်ရာသီဥတုအပေါ် အကျိုးသက်ရောက်မှုများ၊ သစ်ပင်များ စိုက်ပျိုးပြုစုခြင်းဆိုင်ရာများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေး၊ အမှိုက်များကို စွန့်ပစ်ရာတွင်လည်း ဘေးအန္တရာယ်ရှိသော အမှိုက်၊ အမှိုက်စိုနှင့် အမှိုက်ခြောက်များခွဲခြား၍ စနစ်တကျစွန့်ပစ်ရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သစ်တောဦးစီးအရာရှိမှ ပြန်လည်ရှင်းလင်းဖြကြားပေးခဲ့သည်။
ထို့နောက် ဇီးကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောကြေးမုံ စာအုပ်များအား လှူဒါန်းရာ ပြန်/ဆက်ဦးစီးအရာရှိမှ လက်ခံရယူခဲ့ပြီး၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ တက်ရောက်လာသူများက ရန်ကုန်-ပြည်ကားလမ်းတစ်လျှောက် ပလပ်စတစ်အမှိုက်များ ကောက်ယူခြင်းလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်ဆက်)