စခန်းသွင်းလေ့ကျင့်နေသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

ကသာ မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (ဒုတိယအကြိမ်) ဖြေဆိုရန်စခန်းသွင်းလေ့ကျင့်ပေးနေသည့် ကျောင်းသား/ကျောင်းသူများအား ကသာခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများကို လာရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (ဒုတိယအကြိမ်) ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှစ၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ဖြေဆိုစာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၆၂၉) ဦးအနက် စခန်းသွင်းလေ့ကျင့်နေသည့် ကျောင်းသား/ ကျောင်းသူ (၃၂၅) ဦးရှိရာ စာသင်ကြားရေးနှင့် စားသောက်နေထိုင်မှုတို့အတွက် အဆင်ပြေစေရန် ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဦးစီးဌာနမှလည်း နေ့စဉ်မွန်းလွဲ (၂) နာရီမှ ညနေ (၄)နာရီအထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ထိုသို့ စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုကို ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများကလည်း အလှည့်ကျနေ့ပိုင်း၊ ညပိုင်းတာဝန်ခွဲဝေ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စွာထွန်း (ကသာ)