မုံရွာ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲ တီစိမ်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ယူရီးယားမြေသြဇာ၊ လယ်ယာသုံး စက်မောင်းဆီများနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှဝန်ထမ်းများနှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦး တက်ရောက်ကြကြောင်းသိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကအားပြု လုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံအား စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ ကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်နိုင်ရေး၊ လယ်ယာကဏ္ဍ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရ ပြည့်ဝသည့် စားရေရိက္ခာများထုတ်လုပ်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရာတွင် တောင်သူကြီးများအနေဖြင့်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် သီးထပ်စွမ်းအားမြင့်မားရေးအတွက် တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးသွားကြရန်နှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိအောင် တာဝန်ရှိသူ အားလုံးမှ ဝိုင်းဝန်းကြိုး ပမ်းစိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသ ကြီးအတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များ အပေါ်လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ် အတွင်းရှိကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦးအတွက် ဒေသခံတောင် သူများထံ သွင်းအားစု ယူရီးယားဓာတ်မြေသြဇာ ၃၅၀ အိတ်၊ လယ်ယာသုံးစက်မောင်းဆီ ဂါလံ ၁၀၅၀ ဂါလံနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ အသီးသီးပေးအပ် ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်းအတွင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံ တောင်သူ ၃၅၀ ဦးအား လယ်ယာသုံးစက်မောင်းဆီများနှင့် စားသုံးဆီများ အားသက်သာသည့် ဈေးနှုန်းဖြင့် ခွဲဝေရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)