စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများ ဖြစ်ပေါ်စေရန် ကလေးပျော်နေရာအစီအစဉ်များ ဆောင်ရွက်ပေး

စစ်ကိုင်း မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် The foundation of Terre des hommes (Tdh-L)တို့ပူးပေါင်း၍ ငလျင်ဘေးသင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများ ဖြစ်ပေါ်စေရန် ကလေးပျော်နေရာအစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ငလျင်ဘေးသင့် ကလေးငယ်များအား ကစားနည်းအမျိုးမျိုး(Games) ကစားခြင်း၊ စိတ်အပန်းပြေစေသည့် ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်း၊ အရုပ်ဆက်ခြင်းအစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် The foundation of Terre des hommes (Tdh-L) တို့ ပူးပေါင်း၍ ကလေးပျော်နေရာအစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

ငလျင်ဒဏ်ခံစားခဲ့ရသည့် လူကြီးများအနေဖြင့် ၎င်းတို့၏ ထိခိုက်ခံစားရမှုများကို ထုတ်ဖော်ပြောပြနိုင်သော်လည်း ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ စိတ်ထိခိုက်ခံစားရမှုများကို ထုတ်ဖော်ပြောပြရန် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ငလျင်ဒဏ်ခံစားခဲ့ရသည့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုများ၊ ကြောက်ရွံ့မှုများကို လျော့နည်းသက်သာစေရန်အတွက် ကလေးပျော် နေရာအစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှူးက ပြောသည်။

အဆိုပါကလေးပျော်အစီအစဉ်များကို စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့် ရပ်ကွက်များတွင် နှစ်ရက်လျှင် တစ်ကြိမ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးများ၏ မိဘများနှင့် မိသားစုဝင်များ ပါဝင်သည့် Parenting Education အစီအစဉ်များကိုလည်း ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)