လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

လိပ်သို မေ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ မြတ်ဌေးမောင် ရေးသားသော “မိတ်ကောင်းဆွေကောင်း ရှာဖွေပေါင်းဖော်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေများကို အစဉ်တစိုက် လေ့လာဖတ်ရှုမှတ်သားဖို့ လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ခိုင်သဇင်ထွေးက “ နားထောင်တတ်သူဖြစ်ပါစေ ” ခေါင်းစဉ်အောက်မှ “ မိတ်ဆွေကောင်းများ ရရှိရန် သေချာသော နည်းလမ်းတစ်ခုမှာ သူတို့စကားကို စိတ်ရှည်စွာ နားထောင်နိုင်သည့် စွမ်းရည်ပင် ဖြစ်ကြောင်း၊ လူတစ်ဉီး၏ စကားကို နားထောင်ရာတွင် နားနှင့် နားထောင်ရုံမျှမက မျက်စိနှင့်လည်း နားထောင်ရမှာဖြစ်ကြောင်း၊ နားထောင်တတ်သူဖြစ်အောင် ကြိုးစားရန် လိုအပ်ပြီး အကင်းပါးစွာ၊ စိတ်ဝင်စားစွာ နားထောင်ခြင်းဖြင့် အသိပညာတိုးပွားလာပြီး လူ့သဘာဝကို ပိုမိုနားလည်လာနိုင်မှာဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ မြတ်ဌေးမောင် ရေးသားသော “ မိတ်ကောင်းဆွေကောင်း ရှာဖွေပေါင်းဖော်နည်း ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် သာယာ​​အောင်မြင်သောဘဝကို တည်ဆောက်လိုသူများအတွက် ခိုင်မြဲသော မိတ်ဆွေကောင်းများကို ရှာဖွေပေါင်းဖော်တတ်ရန် လိုအပ်ကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ဆက်)