လှိုင်းဘွဲ မေ ၁၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ဒိုင်းပြကျေးရွာအတွင်းရှိ တောင်သူဦးစောဝင်းထူးနှင့် ဒေါ်နန်းနီလာဝင်းတို့၏ လယ်မြေကွင်းအမှတ် (၁၅၄၇) ဒိုင်းပြအောက်ကွင်း၊ ဦးပိုင်အမှတ်- ၉၁/၁ နှင့် ၉၁/၂ ၌ ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ရှိန်းအောင်၊ အဖွဲ့ဝင်(၂) ဦးမြတ်စိမ်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ခံများ၊ တောင်သူများ တက်ရောက်ကြပြီး စုပေါင်း၍ သစ်စိမ်းမြေသြဇာမျိုးစေ့များကို ကြဲပက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဝတ်ရည်စမ်းက တောင်သူများအား မိုးစပါးမစိုက်ပျိုးမီ မြေဆီလွှာအာဟာရ ထက်သန်စေရေးအတွက် ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ ထည့်သွင်းပေးရခြင်း၏ ရည်ရွယ်ချက်နှင့် လိုအပ်သည့်အကြောင်းရင်းများ၊ အသုံးပြုနိုင်သည့်မျိုးများ၊ လယ်မြေ (၁) ဧက၌ မျိုးစေ့ (၄) ပြည်နှုန်းဖြင့် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းပြပေးခဲ့ပြီးနောက် ဒိုင်းပြကျေးရွာ၊ ဒိုင်းပြကုန်းကျေးရွာ၊ ချမ်းသာရွာနှင့် ကိုဧည့်သည်ကျေးရွာများမှ တောင်သူများ၏ လယ်မြေစုစုပေါင်း ဧက (၂၀) အတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာမျိုးစေ့ (၅) တင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ခံများက ပေးအပ်ခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကြမည့် လယ်မြေစုစုပေါင်းဧက (၆၀၀) အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ စုစုပေါင်းတင်း (၁၅၀) ကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)