တိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၁၀)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် မေ ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုဖွင့်လှစ်သည့် သင်တန်းများသည် တိုင်းဒေသကြီးအတွက် အားထားရသော သင်တန်းများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များနှင့် အမျိုးသမီးငယ်များအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်သောကြောင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ဒေသ၌ရှိသည့်ခရီးသွားလုပ်ငန်းအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသားများအနေဖြင့် သင်တန်းမဆင်းမီကာလအတွင်း ဟိုတယ်ဇုံများတွင် လက်တွေ့သင်ခန်းစာများကို ကွင်းဆင်းသင်ယူကြရမည်ဖြစ်ပါကြောင်းနှင့် သင်တန်းဆင်းပါက အလုပ်အကိုင်အခွင့်အလမ်းများ တစ်ပါတည်းရရှိမည်ဖြစ်ပါကြောင်း၊ ထို့အတူ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအနေဖြင့်လည်း ‌အမျိုးသမီးငယ်များအတွက် များစွာအထောက်အကူပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု အနေဖြင့်ပါ ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းများတက်ရောက်အောင်မြင်ပြီးစီးသည့် သင်တန်းသား၊ သင်တန်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု၊ လုပ်ငန်းကျွမ်းကျင်မှုများကိုလည်း စနစ်တကျမှတ်တမ်းထားရန်လည်း လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း သင်တန်းမှချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပါကြောင်းနှင့် သင်တန်းအားပြီးဆုံးအောင်တက်ရောက်၍ အခက်အခဲများရှိပါကလည်း သင်တန်းနည်းပြများထံတင်ပြကြရန် လိုကြောင်း၊ တိုင်းဒေသကြီးအတွက် အားထားရသည့် လူငယ်များဖြစ်ကြပါစေကြောင်း တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများအား အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးထံသို့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ခင်းကျင်းပြသထားသော သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁၀)တွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၄၀)ဦး တက်ရောက်လျက်ရှိပြီး ဟိုတယ်ဝန်ဆောင်မှု သင်တန်းကို စာတွေ့သင်ခန်းစာရက်သတ္တ(၁၂)ပတ်၊ ဟိုတယ်ဇုံများတွင် လက်တွေ့သင်ခန်းစာများကို ရက်သတ္တ(၁၂)ပတ် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအား သင်တန်းကာလ ရက်သတ္တ(၁၈)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးပြီး ရက်သတ္တ(၄)ပတ်အား လုပ်ငန်းခွင်အကြို မော်တာစက်နင်းနည်း၊ စက်ချုပ်ဘာသာရပ်၊ လက်မှုဘာသာရပ်များ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)