ထားဝယ်မြို့နယ်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းအသိပေးဆွေးနွေးပွဲကျင်းပ

ထားဝယ်  မေ ၁၄

သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းအသိပေးဆွေးနွေးပွဲကို ယမန္နေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အထွေထွေအုပ်ချု်ပရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်နောင်က မိုးရာသီရောက်ရှိလာပြီးဖြစ်သောကြောင့် ခြင်များခိုအောင်းပေါက်ပွားနိုင်သည့် ချုံနွယ်ပိတ်ပေါင်းများနှင့်  အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်ပေးကြရန်၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော နေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းရန်လိုအပ် ကြောင်း၊ ထို့အပြင် ရေနှုတ်မြောင်းများနှင့်  ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်းခြင်များ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာ ဇင်မာစိုးက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအားရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍တက်ရောက်လာကြသူများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများ၊ စုပေါင်းသန့်ရှင်းရေလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)