တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရုရှားဘာသာစကား အခြေခံသင်တန်းဖွင့်ပွဲအခမ်းနားသို့ တက်ရောက်

ထားဝယ် မေ ၁၄

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကားအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး၊ ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေး ဇုန်လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရုရှားဘာသာစကားကို လေ့လာဆည်းပူးပြီး မိမိတို့၏စကားစာပေ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲအောင် မြတ်နိုးတန်ဖိုးထားထိန်းသိမ်း၍ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် မကြာခင်ကာလအတွင်း စတင်ဆောင်ရွက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်လုပ်ငန်းတွင် လာရောက်ပြီး လုပ်ကိုင်ကြမည့်သူများနှင့် ပြောဆိုဆက်ဆံကြသည့်အခါ၌ ဒေသအတွင်းနေထိုင်ကြသူများ ဘာသာစကားကျွမ်းကျင်တက်မြောက်ထားရန်လိုအပ်ကြောင်း၊ အထူးသဖြင့်လောင်းလုံးဒေသနှင့် အလားသဏ္ဍာန်တူသည့် ထိုင်းနိုင်ငံ၊ ဖူးခက်သည် အောင်မြင်နေကြောင်း၊ လောင်းလုံး ဒေသသည်ရေခံမြေခံကောင်းပြီးဖွံ့ဖြိုးတိုးတက်နိုင်သော ဒေသဖြစ်ကြောင်း၊ လောင်းလုံးဒေသတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများရှိကြောင်း၊ ယခုအခါ ခရီးသွားဧည့်သည်များ လျော့နည်းသွားသည့် အတွက်ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် နှောင့်နှေးနေသည့်ကို တွေ့ရှိရကြောင်း၊ ဘာသာစကားအနေဖြင့် ပြည်တွင်းပြည်ပ ဘာသာစကားရှိပြီး ပြည်ပနှင့် ဆက်ဆံသည့်အခါတွင် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် ရုရှားဘာသာစကားကို စတင်ပြီး သင်ကြားရခြင်းဖြစ်ကြောင်း၊ သင်တန်း သား/သူများအနေဖြင့် ဘာသာစကားအား ကြိုးစားလေ့လာသင်ယူပြီး အခြေခံသင်တန်းပြီးမြောက်ပါက ဆက်လက်၍ လေ့လာသင်ယူသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား/ သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သင်တန်းသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

ရုရှားဘာသာစကားအခြေခံသင်တန်းကို မေ ၁၄ ရက်မှ ဇွန် ၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား/ သူများ၊ လူငယ်လူရွယ်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၅၀) ဦးခန့်အား သင်တန်း (၂) နေရာခွဲပြီး နာရီအပိုင်းအခြားအလိုက် တာဝန်ရှိသူများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)