ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး

ဘားအံ မေ ၁၄

ဒေသတွင်း သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်ကျေးရွာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအနီးရှိ တောင်သူဒေါ်ဖြူဝင်း၏ တစ်နိုင်တစ်ပိုင် ဒေသဝက်မွေးမြူရေးခြံနှင့် ဒေသဆိတ်မွေးမြူရေးခြံ တို့ကို ကြည့်ရှုအားပေးရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့်မွေးမြူတောင်သူတို့က လက်ရှိမွေးမြူထားမှုနှင့်ဈေးကွက်ရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာတိုင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်မွေးမြူထုတ်လုပ်ကြရန်မှာကြား၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်၌ ထုံးအိုင်၊ နောင်ထလုံး၊ ဝင်းကျန်၊ ဖာလင်ကျောက်တန်းကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံရာ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက ထုံးအိုင် လျှပ်စစ်မြစ်ရေတင်၏ ရေပေးဝေခဲ့မှုအခြေအနေ၊ ရေဝင်လမ်းကြောင်းသဲသောင်ပိတ်ဆို့မှုကြောင့် စိုက်ပျိုးရေပေးဝေရာတွင် အခက်အခဲ ဖြစ်ပေါ်မှုအခြေအနေ၊ လာမည့်ရေပေးရာသီတွင် ပင်မရေလမ်းကြောင်း၌ ယာယီပွန်တွန်းနှင့် ပိုက်လိုင်းတပ်ဆင်၍ ရေပေးဝေနိုင်ရေးလျာထားစီမံထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လာမည့်နှစ်တွင်ယာယီ ပိုက်လိုင်းစနစ်ဖြင့် ရေစမ်းသပ်ပေးဝေနိုင်ရေးနှင့် ရေသောက်ဧရိယာအတွင်းရှိတောင်သူများအနေဖြင့် နှစ်သီးစား အနည်းဆုံးစိုက်ပျိုးလုပ်ကိုင်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံရာတွင် စားရေရိက္ခာကို လယ်ယာမြေများမှ အဓိကရရှိပြီး စားရေရိက္ခာချို့တဲ့ပါက လူတို့အသက်ရှင်ရန်ခက်ခဲသည့်အတွက် လယ်ယာလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်ကြရန် လွန်စွာအရေးကြီးကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲနေ သည့်ရာသီဥတုနှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး သက်ဆိုင်သူများနှင့် ညှိနှိုင်းတိုင်ပင်၍ မြေလွတ်မြေလပ်မကျန် သီးထပ်၊ သီးညှပ်များဖြင့် စိုက်ပျိုးလုပ်ကိုင်ကြစေလို ကြောင်း တိုက်တွန်းပြောကြားကာ ထုံးအိုင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရေဝင်လမ်းကြောင်းသဲသောင် ပိတ်ဆို့မှုအခြေအနေ၊ ယာယီပွန်တွန်းနှင့်ပိုက်လိုင်းတပ်ဆင်ရေပေးဝေမည့်လျာထားနေရာတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်ကျေးရွာရှိ တောင်သူဦးမြင့်ဦး၏ အသားတိုးဝက် ၃၃ ကောင်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိမွေးမြူနိုင်ရေး၊ လိုအပ်သည့်အရင်းအနှီးနှင့် သွင်းအားစုများရရှိနိုင်ရေး၊ ဖြစ်ပွားတတ်သည့်တိရစ္ဆာန်ရောဂါများ ကျရောက်မှုမရှိစေရေး တာဝန်ရှိသူများအားမှာကြားပြီး မွေးမြူတောင်သူအား တိရစ္ဆာန်သုံးဆေးဝါးများ အခမဲ့ချီးမြှင့်ပေးအပ်ကာ မွေးမြူရေးခြံနှင့်ဆက်စပ်စိုက်ပျိုးထားသော ခရမ်းစိုက်ခင်းနှင့် ငရုတ်စိုက်ခင်းတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝင်းကျန်ကျေးရွာရှိ တောင်သူဒေါ်မအေး၏ ဒေသဆိတ် ၅၁ ကောင် မွေးမြူရေးခြံ၊ ဖာလင်ကျောက်တန်းကျေးရွာရှိ တောင်သူဦးထူးနိုင်၏ ဒေသဆိတ် ၂၇ ကောင်မွေးမြူရေးခြံနှင့် တောင်သူဦးဘရာမား၏ ဒေသဆိတ် ၄၇ ကောင် မွေးမြူရေးခြံတို့အား ကြည့်ရှုအားပေးပြီး တောင်သူတင်ပြချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကောင်ရေနှစ်ဆတိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများအားမှာကြားကာ တိရစ္ဆာန်ဆေးဝါးနှင့် အာဟာရဆားခဲများ အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)