ပွင့်ဖြူ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ယခု ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဒေသတွင်း ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်ပေါင်းလေးသောင်းကျော် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် မိုးရာသီကာလတွင် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ ဒေသခံကျေးလက်နေပြည်သူများနှင့်ပူးပေါင်းပြီး ကျေးရွာသုံးထင်းစိုက်ခင်းများ၊ တစ်အုပ်တစ်မအထူးစိမ်းစိုက်ခင်းများနှင့် ကျေးရွာပိုင်စိုက်ခင်းများကို အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် မိုးရာသီတွင်လည်း အကောင်အထည်ဖော်စိုက်ပျိုးနိုင်ရန် ချောင်းဆုံကျေးရွာ ပျိုးဥယျာဉ်ခြံတွင် ဒဟတ်၊ မယ်ဇလီ၊ ကုက္ကို၊ ဘောစကိုင်း ၊ ယူကလစ် စသည့် အရိပ်ရပျိုးပင် ပေါင်း ၄၀၁၄၀ ပင် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေနဲ့ နှစ်စဉ် မိုးရာသီကာလမှာ ကျေးရွာပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ကျေးရွာသုံးထင်းစိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ကျေးရွာသုံးထင်းစိုက်ခင်းများ စိုက်ပျိုးရာ၌ ဖြစ်ထွန်းအောင်မြင်မှုရှိစေရန်အတွက် စနစ်တကျ ကွင်းဆင်းကြီးကြပ်ပြီးတော့ မြေဩဇာကျွေးခြင်း၊ ရေဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း စတဲ့ လုပ်ငန်းများကို သေချာစနစ်တကျ ဆောင်ရွက်ပါတယ်။ ယခုလို ကျေးရွာသုံးထင်းစိုက်ခင်းတွေ ဖော်ဆောင်စိုက်ပျိုးရတဲ့ အဓိက ရည်ရွယ်ချက်က ကျေးလက်နေပြည်သူတွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ သစ်၊ တိုင်၊ မျော၊ ထင်း စတဲ့ သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနဲ့ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ပါတယ်။ ယခု ၂၀၂၅ ခုနှစ် မိုးရာသီမှာလည်း ကျေးရွာသုံးထင်းစိုက်ခင်း (၆၅)ဧက ပျိုးပင်ပေါင်း ၃၅၁၀၀ ပင်၊ ကျေးရွာ(၅)ရွာမှာ ကျေးရွာပိုင်စိုက်ခင်း (၁၀)ဧက ပျိုးပင်ပေါင်း ၃၀၄၀ ပင် ၊ တစ်အုပ်တစ်မအထူးစိမ်းစိုက်ခင်း ပျိုးပင်ပေါင်း ၂၀၀၀ တို့ကို ကျေးရွာနေပြည်သူများနဲ့ ပူးပေါင်းပြီး မိုးအစိုဓာတ်ရရှိသည်နှင့် တစ်ပြိုင်နက် အချိန်မီပြီးစီးအောင် စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညွန့်ရွှေက ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )