ပခုက္ကူ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများက စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများ ရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို အသီးသီးအသိပညာပေးရှင်းလင်းဟောပြောကြရာ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြပြီး စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)