ကန့်ဘလူ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပလျက်ရှိသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်တွင် ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲနှင့်အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲကကျင်းပသည်။
ဆုချီးမြှင့်ပေးအပ်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းက အမှာစကားပြောကြားရာ “ကလေးစာပေပွဲတော်များကို စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း၌ ကျင်းပပြုသည်မှာ ယခုအကြိမ်သည် ငါးကြိမ်မြောက် ဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်များကို ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့်အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများ၏ တီထွင်ဖန်တီးမှုများ ရင့်သန်လာစေရန်၊ ကလေးများစာပေနှင့် ရင်းနှီးပြီး ကလေးများ၏ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန်၊ အပြောအဆိုနှင့် နှုတ်မှုရေးရာ စွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အလှူငွေများ ပါဝင်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဖူဆယ် ဘောလုံးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့်ပေးအပ် ကြသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထူးမောင်က ကျေးဇူးတင်စကား ပြောကြားပြီး အ−ထ−က(၁)မှ ကျောင်းသား၊ ကျောင်းသူလေးများက ကလေးများရဲ့စာပေပွဲတော် သီချင်း ဖြင့် ဖျော်ဖြေ ကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)