မြို့သစ်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်

မြို့သစ် မေ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာရွှင်လန်းတက်ကြွသောဘဝရရှိစေရန်အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာတော်များ ဆေးကုသဆောင်၌ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာ‌ပေးခြင်း၊ ဆီးချို၊ သွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်‌ပေးပြီး လိုအပ်သော ဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့)စစ်ဆေးကုသဆောင်ရွက်ပေးခဲ့သည်။

မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၅)ဦးခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံတာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)