လိပ်သို မေ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် တောင်ပေါ်ကွမ်းကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွဲဖက်၍ စိုက်ပျိုးထားလျက်ရှိကြရာ ဒေသထွက်တောင်ပေါ် ကွမ်းကြမ်းများမှာ ဈေးကောင်းရရှိနေ၍ ကွမ်းကြမ်းစိုက်ပျိုးထားသူ တောင်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုဒေသရှိ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ အီးအယ်၊ ဟယ်ဒိုး၊ မိုင်းလွန်ကျေးရွာများတွင် ကွမ်းပင်များကို အများဆုံးစိုက်ပျိုးထားကြပြီး ဒေသထွက် ကွမ်းရွက်များမှာ မိုးလယ်/ မိုးနှောင်းရာသီများတွင် အထွက်နှုန်းကောင်း၍ နွေရာသီနှင့် ဆောင်းရာသီများတွင် ကွမ်းရွက် အထွက်နှုန်း လျော့နည်းကြောင်း၊ ကွမ်းရွက်ဝယ်ယူသူများက အရွက်ခြွေပြီး ကွမ်းကြမ်းအထုပ် (၄၀) ပါ ဒေသအခေါ် ကွမ်းအချိန် (၁၀) ကို (၅၀၀၀၀/-)ကျပ် မှ (၆၀၀၀ဝိ/-) ကျပ်ဖြင့် ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။
အဆိုပါကွမ်းကြမ်းများကို ကွမ်းပွဲစားများက အရွက်ခြွေပြီးသော ကွမ်းအထုပ်များအပြင် အရွက်မခြွေရသေးသော ကွမ်းရွက်များကို ကိုင်းစည်းဖြင့် ဝယ်ယူလျက်ရှိကြပြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့၊ ရေတာရှည်၊ အုတ်တွင်းနှင့် ထန်းတပင်မြို့နယ်များသို့လည်း ပြန်လည် ဖြန့်ချိရောင်းချကြကြောင်း သိရသည်။
ခင်လေးနွယ်