ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၁၃၈၇ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားအားတက်ရောက်

ပုသိမ် မေ ၁၃

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို မေလ ၁၁ ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့တောင်ဘက် အင်္ဂါထောင့်ရှိ မဟာဗောဓိပင်တော် အမှတ် (၁) နှင့် မဟာဗောဓိပင်တော် အမှတ်(၂)တို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားအားကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက "နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ပူဇော်ပြီး မင်္ဂလာငွေခရုဖြင့် ပူဇော်ခဲ့ပြီးနောက် အခမ်းအနားမှူးက “မဟာဗောဓိ ရုက္ခောဒကပူဇာ” ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက သတ်မှတ်နေရာများတွင်နေရာယူကြပြီး အခမ်းအနားမှူးမှ “ဇယောဟိဗုဒ္ဓဿ” ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီးသောအခါ မဟာဗောဓိပင် ညောင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက အလှည့်ကျနေရာယူ၍ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယင်းနောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းဖတ်ကြား၍ အမျှဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း ၁၃၈၇ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားများကို ကျင်းပခဲ့ကြပြီး ဘုရားစေတီပုထိုးများတွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသူများ၊ ဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)