ပုသိမ် မေ ၁၃
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် မေလ ၁၁ ရက်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီးတန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပူဇော်ခဲ့ကြကာ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား ကြွရောက်တော်မူလာကြသော ဩဝါဒစရိယ ဆရာတော်ကြီးများက ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနားကိုကျင်းပရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ယင်းနောက် ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ပုသိမ်မြို့ပေါ်ရပ်ကွက် (၁၅) ရပ်ကွက်ရှိ ကျောင်းတိုက်ပေါင်း(၂၀၀)မှ ဘုရားအမှူးပြုသော သံဃာတော် (၁၉၈၃)ပါး၊ သီလရှင် (၂၁၈) ပါး စုစုပေါင်း (၂၂၀၁) ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း ၁၃၈၇ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားများ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်းသိရှိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)