ပွင့်ဖြူ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသတွင်းလေလံဆွဲဝယ်ယူလုပ်ကိုင်ခွင့်ရရှိသည့် သားသတ်လိုင်စင်စီနှင့် အခြားအကောက်လိုင်စင်စီ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်လိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျလုပ်ကိုင်နိုင်ရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင် လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရောင်းချခဲ့သည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်စပ်လျဉ်း၍ ဝယ်ယူလုပ်ကိုင်ခွင့်ရရှိသော လုပ်ငန်းရှင်းများအနေဖြင့် သတ်မှတ်လုပ်ငန်းလိုင်စင်ပါ စည်းကမ်းချက်များအတိုင်း စနစ်တကျလုပ်ကိုင်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ရောင်းချပေးခဲ့သည့် လုပ်ငန်းလိုင်စင်အမျိုးအစားအလိုက် လိုက်နာရမည့် လိုင်စင်စည်းကမ်းချက်များ၊ သားသတ်လိုင်စင်စီနှင့် အခြားအကောက်လိုင်စင်စီ ဝယ်ယူလုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် လိုင်စင်စည်းကမ်းပါ သတ်မှတ်အသားဈေးနှုန်း/ ကောက်ခံနှုန်းထားများအတိုင်း စနစ်တကျလုပ်ကိုင်သွားကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လေလံလုပ်ငန်းရှင်များက မိမိတို့ဝယ်ယူလုပ်ကိုင်သည့် လုပ်ငန်းလိုင်စင်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင် လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)