နန်းယွန်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နန်းယွန်း မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို နိုင်ငံတော်မှဖွင့်လှစ်ပို့ချပေးသည့် အသက်မွေးဝမ်းကြောင်းသင်တန်းသည် ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားရေးဘဝဖွံဖြိုးတိုးတက်စေရေးအတွက်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားအကျိုးရှိစွာ အသုံးချသင်ယူကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၈) တွင် သင်တန်းသူစုစုပေါင်း (၃၀) ဦးတို့အား ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်ထိ (၅) လကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်​ဖြစ်ကြောင်း မြို့နယ်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟန်ကမ်း (ပြန်/ဆက်)