မြိတ် မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ တက်ရောက်ကြသည်။
သင်တန်းကို နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန်၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်း ပြုပြီး မိသားစုဘဝ တိုးတက်မြင့်မားစေရန်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲ၌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက သင်တန်းသူများအနေဖြင့် ပညာသင်ကြားစဉ် အချိန်ကိုအကျိုးရှိရှိ အသုံးချကြရန်၊ သင်တန်းသူအချင်းချင်း စည်းလုံးညီညွတ်မှုရှိစွာ ကူညီရိုင်းပင်းကြပြီး သင် ကြားပေးသော သင်ခန်းစာများကို ကြိုးကြိုးစားစား သင်ယူကြစေလိုကြောင်း၊ သင်တန်းမှရရှိသည့် အသက်မွေး ဝမ်းကြောင်းပညာ နှင့် ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချရင်း အနာဂတ်ဘဝတွေ သာယာလှပစေဖို့အတွက် ကြိုးစားသင်ယူကြရန် ပြောကြားသည်။ သင်တန်းဖွင့်ပွဲအပြီးတွင် သင်တန်းခန်းမအတွင်း၌ သင်တန်းသူများအတွက် သင်တန်းသင်ထောက်ကူပစ္စည်းများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ်(၂၂)ပတ်ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတို့သမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင် စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့် သင်ခန်းစာများ သင်ကြားပေးမည်ဖြစ်သည်။
ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးမည်ဖြစ်ကာ ပြည်ထောင်စုစိတ်ဓါတ် ဘာသာရပ် သင်ခန်းစာများနှင့် အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များကိုလည်း သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းကို မြိတ်မြို့နယ်မှ(၁၃)ဦး၊ ကျွန်းစုမြို့နယ် မှ(၁၀)ဦးနှင့် တနင်္သာရီမြို့နယ်မှ(၄)ဦး၊ ပုလောမြို့နယ်မှ(၁)၊ ပလောက်မြို့မှ(၁)ဦး၊ ဘုတ်ပြင်းမြို့နယ်မှ(၁)ဦး စုစုပေါင်းသင်တန်းသူ အမျိုးသမီးငယ်(၃၀)ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းတက်ရောက်ကြသည့် သင်တန်းသူ တစ်ဦးချင်းစီကို သင်တန်းကျောင်းမှ ပိတ်စ၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်း(၃၈)မျိုးကို ထောက်ပံ့ ပေးမည်ဖြစ်ပြီး စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများနှင့် အသွားအပြန် ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သင်တန်းကျောင်းမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)