နတ်မောက် မေ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် “လူယ်တွေကို လမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံ သုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက “လူငယ်တွေကို လမ်းဖွင့်ပေးပါ” စာအုပ်ထဲမှ “တန်ဖိုးသတ်မှတ်နိုင်ပါစေ” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ပြရှင်းလင်းရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများကလည်း မိမိတို့၏ အတွေးအမြင်အသိများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ၌ လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။
မူမူစန်း