မြို့သစ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မြို့သစ် မေ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက မြို့သစ်မြို့ ဘုရားကြီးရပ်ကွက်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သောဘူး၊ ခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate)ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်း‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)