ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မေလ(၁၁)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အရှေ့ဖက်မုခ် မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့နေပြည်သူများက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

ထို့နောက် ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား အခမ်းအနားမှူးမှမဟာဗောဓိ ဒုမေနာထော ဗောဓိပူဇနာဝန္ဒနာဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့မှမဟာဗောဓိပင်ဘုရားရှိခိုးရွတ်ဆို၍ ဗဟာဗောဓိပင်ကို ရှိခိုးပူဇော်ခြင်း၊ပတျာဝတ္တဂါထာကိုရွတ်ဆို မဟာဗောဓိပင်ကို ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်းများ ပြုလုပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များမှဒုက္ခပတ္တာစ နိဒ္ဒုက္ခာဂါထာတော်ကို()ခေါက်ရွတ်ဆို မေတ္တာပို့သပြီး မဟာဗောဓိညောင်ပင်အား ညောင်ရေတော်များသွန်းလောင်းပူဇော်ခြင်း၊ အမျိုးသမီးယောဂီများကကိုယ်စိတ် နှစ်ဝချမ်းသာကြစေအစရှိသည့် ဂါထာ()ခေါက်ရွတ်ဆို၍လည်းကောင်း၊ ကိုယ်စောင့်နတ်၊ ဗောဓိပင်စောင့်နတ်၊ အရပ်လေးမျက်နှာ၊ ရှစ်မျက်နှာ၊ ဆယ်မျက်နှာ၊ ဇာတိခေတ်စကြာဝဠာတစ်သောင်း အစရှိသည်တို့ကို ရွတ်ဆိုမေတ္တာပို့သပြီး ညောင်ရေတော်များ သွန်းလောင်းပူဇော် အမျှဝေ သာဓုခေါ်ဆိုကြပြီးဇယန္တော ဗောဓိယမူလေစသည့် ဗုဒ္ဓါဘိသေက မင်္ဂလာအောင်ဂါထာဖြင့် စုပေါင်းပူဇော်၍ ရွှေမော်ဓောစေတီတော်မြတ်ကြီး (၇၄)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ပဲခူးမြို့ရှိ ကျိုက်ပညာယျစေတီတော်မြတ်ကြီး၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဂါယာစေတီတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာစေတီတော်မြတ်ကြီး၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီး စသည့် ဘုရား၊ ပုထိုး၊ စေတီတော်များတို့တွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများမှ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲများ၊ စတုဒီသာများ ကျွေးမွေးခြင်းလှူဒါန်းခြင်းများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အဦ ဓမ္မာရုံများရှိ ဗဟာဗောဓိညောင်ပင်များတွင်လည်း မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီတော်ဖြစ်သည့် ဗောဓိညောင်ပင်အား မြတ်ဗုဒ္ဓအားရည်စူး၍ ညောင်ရေတော်များ သွန်းလောင်းပူဇော်ကြကြောင်းနှင့် နံနက်ပိုင်းမှ ညပိုင်းအချိန်ထိ ဘုရားစေတီပုထိုးများတွင်လည်း ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)