ကသာမြို့တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပ

ကသာ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်ညောင်ရေသွန်းလောင်းပူ‌ဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မဟာလေးထပ်ကျောင်းဝင်းအတွင်း၌ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပဆောင်ရွက်ခဲ့သည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားတွင် မြို့နယ်သံဃနာယကဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များက "နမောတဿ"(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဝတ်အသင်းအဖွဲ့များက မဟာလေးထပ်ကျောင်းဆရာတော် ဘဒ္ဒန္တကုသလမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များက မြတ်စွာဘုရားရှင်အားချီးမွမ်းသောဂါထာတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတေဇာနန္ဒမဟာထေရ်မြတ်ထံမှ အနုမောဒနာနှင့်ရေစက်သွန်းချ တရားချီးမြှင့်တော်မူ၍ "ဗုဒ္ဓသာသနံစိရံတိဌတု" ဟုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

ထို့နောက် ဆရာဆရာ‌တော်သံဃာတော်များဦးဆောင်၍ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မဟာဗောဓိညောင်ပင်အား အမွှေးနံ့သာရည်များဖြင့် သွန်းလောင်းပူဇော်ခဲ့ကြသည်။ ထိုသို့ညောင်ရေသွန်းလောင်းပူဇော်နေစဉ်အတွင်း ဝတ်ရွတ်အသင်းများက ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါညောင်ရေသွန်းလောင်းပူဇော်ပွဲပြုလုပ်သည့် မဟာဗောဓိညောင်ပင်သည် (၁၂၅၂)ခုနှစ်တွင် မန်လည်ဆရာတော်ဘုရားကြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ ပင့်ဆောင်လာသော ညောင်ပင်နှစ်ပင်အနက်မှ တစ်ပင်ဖြစ်ပြီး ဗောဓိညောင်ပင်၏သက်တမ်းမှာ (၁၃၄)နှစ်ရှိပြီဖြစ်သည်။ ကျန်တစ်ပင်မှာ အင်းတော်မြို့နယ် မန်လည်ရွာကျောင်းတိုက်ရှိ ဗောဓိညောင်ပင်ဖြစ်ကြောင်းနှင့် နှစ်စဉ်ကသာမြို့တွင် ဒေသခံပြည်သူများက စည်ကားသိုက်မြိုက်စွာ လာရောက်ညောင်ရေသွန်းလောင်းကြပြီး စေတနာရှင်အလှူရှင်များက စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံကြသည့် ချစ်မြတ်နိုးစရာဓလေ့ထုံးတမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည့် ပွဲတော်တစ်ခုဖြစ်ကြောင်းသိရသည်။

 ကျော်စွာထွန်း (ကသာ)