မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် (၉၇)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာ မေ ၁၁

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club၏ (၉၇) ကြိမ် မြောက် စာဖတ်ဝိုင်းအခမ်းအနားကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးသူ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မုံရွာမြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ၊ မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဦးစိန်လွင် ( မောင်စိန်လွင် -မင်းကင်း) က အဖွင့်အမှာစကားပြောကြားပြီး နောက် စာရေးဆရာ အေးမင်းထက် (မုံရွာ)က လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည် ဆောက်ခြင်း စာအုပ်ပါ အကြောင်းအရာများဖြင့် ဦးဆောင် ဆွေးနွေး ခဲ့သည်။

ထို့နောက် တက်ရောလာကြသည့် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်သူများအသင်း Book Club အဖွဲ့ဝင်များဖြစ်ကြသော မြင့်အောင် (ရွှေဘိုသား)၊ မောင်မောင်ချစ်ဦး (မုံရွာ)၊ အောင်မြသိန်း (အုတ်ကျင်း)၊ ကိုဝင်းမော် စိုက်ပျိုးရေးနှင့် စာပေဝါသနာရှင်တို့က နှစ်သက်ရာ ခေါင်းစဉ်တို့မှ အကြောင်းအရာတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြပြီးနောက် ဦးစိန်လွင် (မောင်စိန်လွင်-မင်းကင်း)က နိဂုံးချုပ်စကားပြောကြားကာ စာဖတ်ဝိုင်းအခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။

ဒေါက်တာ ခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်စာတည်းမှူးချုပ် ဦးတိုးကျော်က တာဝန်ခံ၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် အုပ်ရေ ၂၀၀၀ ထုတ်ဝေကာ တန်ဖိုး ၃၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ချိထားပြီး လူငယ်များနှင့်ပတ်သက်သော လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်သဘာဝဘေးအန္တရာယ် စသည့် အခန်း ၉ ခန်းဖြင့် အတွေးအခေါ် ဆောင်းပါးလက်ရာ ၃၁ ပုဒ်ပါဝင်ကာ ယနေ့လူငယ်များအတွက် များစွာဖတ်မှတ်လေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ဆွေးနွေးသူများက မှတ်ချက်ပြုခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)