စစ်ကိုင်း မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ မန္တလေးငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ (၁၂)ရက်၊ နံနက် (၁၀)နာရီအချိန်က စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မန္တလေးငလျင်ကြီးကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့က အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲတွင် ဆိုင်ခန်းများ ပြသရောင်းချနေမှုအခြေ အနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲတွင် ဆိုင်ခန်းပေါင်း (၂၂)ခန်း ပါဝင်ပြသခဲ့ပြီး ငွေကျပ် (၅၉)သိန်း တန်ဖိုးရှိသည့် အလျား (၂၀)ပေ၊ အနံ (၁၅) ပေ၊ အမြင့် (၉)ပေခွဲ အကျယ်အဝန်းရှိသော တန်ဖိုးသင့်နေအိမ်များ၊ ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာဆက်စပ်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်းများကို မေလ (၁၂)ရက်နေ့မှ (၁၆) ရက်နေ့အထိ စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်း၌ ငလျင်ဘေးသင့်ပြည်သူများအား ဈေးနှုန်း ချိုသာစွာဖြင့် ပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)