ပွင့်ဖြူ မေ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ဖွင့်လှစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းကို မေ ၁၀ ရက်၊ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လဝကဦးစီးမှူး ဦးကျော်သူရတို့က အဖွင့်အမှာစကားများပြောကြားသည်။ ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် အိမ်တွင်းမှုအခြေခံစက်ချုပ်နည်းပညာဆိုင်ရာ သင်ခန်းစာများကို ဂရုတစ်စိုက်လေ့လာသင်ယူကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြများက တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို အိမ်တွင်းမှ လုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားရေး အမျိုးသားဝတ်တီရှပ် လက်တိုလက်ရှည်ချုပ်နည်းများ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ ရင်စိအင်္ကျီချုပ်နည်းနှင့် ဘောင်းဘီတို၊ ဘောင်းဘီရှည်ချုပ်နည်းများကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြား ပေးသည်။
အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စုရှိ အိမ်တွင်းမှုစက်ချုပ်နည်းပညာရပ် စိတ်ဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား မေ ၁၀ ရက်နေ့မှ ဇွန် ၂၃ ရက်နေ့အထိ (၄၅)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )