ကျွန်းစု မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို မြို့ဦးသံသရာအေးစေတီတော်၊ မြန်မာအေးဓမ္မာရုံ၌ ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျွန်းစုမြို့၊ အမှတ်(၃) ရပ်ကွက် သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိသိဌ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ယောဂီဝတ်ရွတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဘဒ္ဒန္တဝိသိဌထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထိုနောက် ဆရာတော် ဘဒ္ဒန္တဝိသိဌ အမှူးပြုသော ပင့်သံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင်များ စုစုပေါင်း ၁၄၆ ပါး တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း အမျိုးမျိုးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များက စီတန်းလောင်းလှူခဲ့ကြပြီး သံသရာအေးမြို့ ဦးစေတီတော်ကုန်းပေါ်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)