ဖျာပုံ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက် (၇)နာရီအချိန်က ဖျာပုံမြို့ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးဝန်းအတွင်း ကျင်းပခဲ့သည်။
အဆိုပါ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၅၇) ကျောင်းမှ သံဃာတော်များ၊ သာမဏေများ၊ သီလရှင်များ စုစုပေါင်း (၁၁၀၀) ပါးကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ကြသည်။
ထို့နောက် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးဝန်းရှိ ဗောဓိညောင်ပင်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက ညောင်ရေသွန်းလောင်းကြပြီး သာစည်ဘုရားကြီး ဘုရားတန်ဆောင်းအတွင်း အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်