ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိ

ထားဝယ်  မေ  ၁၁

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူး နေ့မြတ်တစ်ရပ်ဖြစ်သည့်အခါအားလျော်စွာ ထားဝယ်မြို့၏ အထင်ကရ တစ်ခုဖြစ်သောထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကဆုန်လပြည့်နေ၏ ထူးခြားချက်မှာ ဗျာဒိတ် ၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း ဆိုသည်နှင့်အညီ သုံးလောက ထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ဗျာဒိတ်ခံယူသောနေ့ ၊ ဖွားမြင်တော်မူသောနေ့ ၊ ဘုရားဖြစ်တော်မှုသောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဟူသည့် ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသော ကြောင့် ဤနေ့ကို ကဆုန်လပြည့် နေ့  (ဗုဒ္ဓနေ့) ဟု ခေါ်ဆိုခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင်တို့သည်ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂ စေတီထိုက်သော ဗောဓိညောင်ပင်ကို ရေသွန်းလောင်းလေ့ရှိကြသည်။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်းကြောင့် ဖွားဖက်တော်ခုနှစ်ပါးတွင် စာရင်းဝင်သည့် ထူးခြားသောအပင်ဖြစ်သည်။ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်နေ၍ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ထားဝယ်မြို့ရှိပြည်သူများက ခေတ်အဆက်ဆက်မှစ၍ ယနေ့အချိန်ထိကျင်းပခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင် သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများ၊ ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရ်ဇိန်ဘုရားကြီးနှင့် ထားဝယ်ဒေသအတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီများ တွင်ဗုဒ္ဓဘာသာဝင်များက ကဆုန်လပြည့်ဗုဒ္ဓနေ့၊ နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဗောဒီပင်များ၌ ညောင်ရေသွန်းလောင်းခဲ့ကြသည်။

ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီ တော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာထားဝယ်မြို့ရှိ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများက ဗုဒ္ဓဘာသာဝင်သူများသည် ရွှေတောင်စား စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူ ပူဇော်ကြပြီးဗောဓိပင်များတွင် ညောင်ရေသွန်းလောင်းဆုတောင်းကြကာ ဘုရားဖူးလာသူများက အဓိဌာန်ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့်ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများပြု လုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)