ဘိုကလေးမြို့နယ်တွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘိုကလေး မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေအောင်စကြာ စေတီတော် မြတ်ကြီးတွင် ယနေ့ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ နံနက်(၆)နာရီခွဲမှ စတင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ‌သော ကဆုန်ညောင်ရေသွန်းပွဲတော်အား စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။

ရန်ပြေမာန်ပြေအောင်စကြာစေတီတော်မြတ်ကြီးတွင် ညောင်ရေသွန်းလှူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဘိုကလေးမြို့မဆွမ်းလောင်းအသင်း၊ ဓမ္မာရုံရှေ့တွင်စုရပ်ထား၍ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးသို့ မင်္ဂလာစည် တော်နှင့်အတူ စီတန်းလမ်းလျှောက်ခဲ့ကြပြီး စေတီတော်သို့အရောက်တွင် ဘိုကလေးမြို့၊ ဇေယျမေဒနီမိုးကုပ်ရိပ်သာကျောင်းတိုက် ဆရာတော်ကြီးထံမှ သီလခံယူခြင်း၊ ဆရာတော်၊ သံဃာတော်များက မဟာဗောဓိဘုရားရှိခိုးဂါထာ၊ မဟာဗောဓိဘုရားရှိခိုး ဂါထာတော်၊ မဟာဗောဓိဥဓကသိဉ္စန ပါဠိတော်၊ တိုင်းကားပြည်ရွာ စည်ပင်ပါစေဂါထာတော်များ ရွတ်ပွားချီးမြင့်ခြင်းတို့ကို နာယူခဲ့ကြပြီး စေတီတော်အတွင်းရှိ မဟာဗောဓိညောင်ပင်အား စည်ကားသိုက်မြိုက်စွာဖြင့် အလှည့်ကျညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)