ကျိုက်လတ်မြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုက်လတ် မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ အမှတ်(၂)ရပ်ကွက်၊ (၂)ဖြတ်လမ်းရှိ မဟာအတုလမြတ်မုနိံရပ်တော်မူမြတ်စွာဘုရားကြီးတွင် ဆွမ်းဆန်တော်လောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအတုလမြတ်မုနိံရပ်တော်မူ မြတ်စွာဘုရားကြီးဝန်းအတွင်းရှိ တန်ဆောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များစု‌ပေါင်း၍ ကျိုက်လတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၄၂)ကျောင်းမှ သံဃာတော် (၁၀၀)ပါးနှင့် သီလရှင် (၁၅)ပါးတို့ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား စည်ကားသိုက်မြိုက်စွာဖြင့် လောင်းလှူပူဇော်ခဲ့ကြပြီး ညနေ (၅)နာရီတွင် အဆိုပါမြတ်စွာဘုရားကြီးပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်