ကျွန်းလှ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၃၆) ကြိမ်မြောက် ဝိနည်းစာတော် ပြန်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကဆုန်လပြည့်နေ့ ယနေ့နံနက် ၈ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ မြို့ဦးရွှေကျင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပင့်သံဃာအပါး ၁၀၀ ကျော်အား ဌာနဆိုင်ရာမိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးပြည်သူများက ဆွမ်းဆန်စိမ်း အစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့်ပူဇော်ကန်တော့ကြပြီး အနုမောဒနာတရားနာကြား၍ကန့်ဘလူမြို့၊ ကန်တော်ဦးကျောင်းတိုက်ဆရာတော် ဦးသောဘနထံမှ ငါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတမ်း ပေးဝေကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)