ပန်းတနော်မြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပန်းတနော် မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ရှိ ရွှေဟင်္သာလယ်ပေါ်‌စာသင်တိုက်ကျောင်းတိုက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ကဆုန်ညောင်ရေသွန်းပွဲကို အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ယနေ့ နံနက်(၈)နာရီအချိန်ကလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါ ညောင်ရေသွန်းပွဲကို ပန်းတနော်မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ဝတ်ရွတ်အသင်းများ၊ ဧည့်ပရိတ်သတ်များဖြင့် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ရွှေဟင်္သာလယ်ပေါ်စာသင်တိုက်ကျောင်း ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ပြီး ရေစက်သွန်းချအမျှတမ်းများပေးဝေခဲ့ကြပြီး ကဆုန်ညောင်ရေသွန်းလောင်းကြခြင်းကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်ရေသွန်းလောင်းပွဲသို့ ကြွရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ပြည်သူများအား စေတနာရှင်အလှူရှင်များက စတုဒိသာ မုန့်ဟင်းခါးများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)