စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

မုံရွာ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒုလ္လဘရဟန်းခံနှင့် မောင်ရင်လောင်းများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒုလ္လဘရဟန်းခံမည့်ပုဂ္ဂိုလ် (၅၉)ဦး၊ မောင်ရင်လောင်း (၄၉)ဦး၊ စုစုပေါင်း ၁၀၈ ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ မိဘဆွေမျိုးများမှ ဆံချခြင်းမင်္ဂလာပြုလုပ်ပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆံချခြင်းမင်္ဂလာပြုလုပ်ပေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ အဆိုပါခန်းမအတွင်း ဒုလ္လဘရဟန်းခံမည့်ပုဂ္ဂိုလ် (၅၉)ဦး၊ မောင်ရင်လောင်း (၄၉)ဦး စုစုပေါင်း (၁၀၈)ဦးတို့အား ရှင်သာမဏေပြုခြင်းအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူများက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် မုံရွာမြို့၊ တော်ဝင်ဘုံစံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒိယဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီခလခံယူဆောက်တည်ကြပြီး ရှင်သာမဏေပြုခြင်းကိစ္စရပ်များ ဆက်လက်‌ဆောင်ရွက်နိုင်ပါရန် အခမ်းအနားမှူးမှ တော်ဝင်ဘုံစံကျောင်းတိုက်ဆရာတော်ထံ လျှောက်ထားလွှဲပြောင်းခဲ့သည်။

ထို့နောက် ဆရာတော်နှင့် ပင့်သံဃာဆရာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားအား “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ စုပေါင်းရဟန်းခံရှင်ပြုမင်္ဂလာအခမ်းအနား၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေုပ်ချုပ်ရေး ဦးစီးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  မြေပဲဆီသန့် ၅၀ ကျပ်သားစီအား အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)