ပြည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၀၇) ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့) ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက်၅နာရီခွဲအချိန်တွင် မြတ်စွာဘုရားအမှူးပြုသော ဩဝါဒါစရိယ ဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ နံနက် ၆ နာရီတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ (၁၀၇)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပရာ အခမ်အနားသို့ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပြည်ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ရွှေဆံတော်ဂေါပကအဖွဲ့နှင့်ဝေယျာဝစ္စအသင်းအဖွဲ့များ တက်ရောက်ကြပြီး “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိသတ် အပေါင်းတို့က ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်တို့က မေတ္တာသုတ် စသောပရိတ်တရာတော်များကိုရွ တ်ဖက်သရဇ္ဈာယ်တော်မူကြသည်။ ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီးများထံ ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်အုန်းက ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပရခြင်းအကြောင်းကို လျှောက်ထားတင်ပြပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်မြို့ ရတနာမာရ်အောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီးက ညောင်ရေသွန်းပွဲနှင့်ပတ်သက်၍ သြဝါဒတရား ချီးမြှင့်တော်မူပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ဝေနေယျသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ရွှေဆံတော်အလယ်ပစ္စယံ မဟာဗောဓိရင်ပြင်တော်၌ (၁၀၇)ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပရာ ဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများက မဟာဗောဓိ ညောင်ပင်တော်အား အောင်သပြေဖြင့်ညောင်ရေသွန်းလောင်းပူဇော်ကြပြီး ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှဘုရားဖူးနှင့် ကဆုန်ညောင်ရေသွန်းပွဲတော် လာပြည်သူများက မဟာဗောဓိပင်အား ညောင်ရေအိုးများဖြင့် ညောင်ရေ သွန်းလောင်း ပူဇော်ကြကာ စေတီတော်ရင်ပြင်နှင့် မဟာဗောဓိရင်ပြင်တော်၌ ကုသိုလ်ကောင်းမှုပြုကြသူများ ဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)