ရွှေဘို မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ရွှေဘိုသွေးစာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က စာဖတ်ခြင်းမှတစ်ဆင့် အသိပညာ၊ အတွေးအခေါ်များ တိုးတက်စေရန်၊ စာဖတ်ဝိုင်းတွင် ဆွေးနွေးဖလှယ်ခြင်းအားဖြင့် စာအုပ်ဖတ်ခြင်းအပေါ် စိတ်ဝင်စားမှုမြှင့်တင်ပေးရန်၊ ဖန်တီးမှုစွမ်းအားကို လှုံ့ဆော်ပေးရန်နှင့် ယနေ့ခေတ်သည် သိပ္ပံနည်းပညာမြန်ဆန်စွာတိုးတက်လာသော်လည်း လူ့အသိပညာ၏ အရင်းအမြစ်သည် စာဖတ်ခြင်းထဲတွင်ရှိကြောင်း၊ စာဖတ်ဝိုင်းများကို ကျင်းပေးခြင်းအားဖြင့် မိမိတစ်ဦးတစ်ယောက်သာမက လူ့ပတ်ဝန်းကျင်တွင် အသိပညာမျှဝေမှု၊ ဆွေးနွေးတက်မှုနှင့် ဖန်တီးတက်မှုတို့ တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းသို့ တက်ရောက်သူများက မြဝတီရသစုံမဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် စာရေးဆရာအောင်ဘုန်းညို(ရွှေဘို)ရေးသားသည့် “စိတ်ကိုမှန်တဲ့ ကျည်ဆန် တစ်ထောင့်” ဝတ္တတိုပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာဖတ်ဝိုင်းများနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)