ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်မှုနှင့် သီရိမင်္ဂလာဈေး သစ်ဖွင့်လှစ်ရောင်းချနေမှုတို့အား ကြည့်ရှုစစ်ဆေး

လွိုင်ကော် မေ ၁၀

ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ အ.မ.က(ဓမ္မာရုံ)ကျောင်းနှင့် အ.ထ.က() ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေမှုနှင့် သီရိမင်္ဂလာဈေးသစ်တွင် စည်ကားစွာရောင်းဝယ် ဖောက်ကားနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ဓမ္မာရုံရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(ဓမ္မာရုံ)နှင့် မင်းစုရပ်ကွက်ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်းများတွင် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် အဆိုပါကျောင်းများ၌ ကျောင်းဖွင့်ရာသီအမီ ကြိုတင်ပြင်ဆင်ထားရှိသည့် ကျောင်းရုံးခန်းများ၊ စာသင်ခန်းများ၊ ခန်းမများ၊ ဝန်ထမ်းနေအိမ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ ကျောင်းသုံး ရုံးသုံးပရိဘောဂများ ပြည့်စုံစွာထားရှိရေး၊ ကျောင်း ဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းအတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ ကျောင်းမုန့်ဈေးတန်းများ စနစ်တကျ ဖြစ်စေရေးနှင့် ကျောင်းခြံစည်းရိုးများ လုံခြုံစေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာဈေးသစ်သို့ ရောက်ရှိကာ ဈေးအဝင်လမ်းမကြီးတစ်လျှောက် ဈေးလာပြည်သူများ ရာသီဥတုဒဏ်ကာကွယ်နိုင်ရန်အတွက် အမိုးခုံး Sun Shade တပ်ဆင်ဆောင်ရွက်နေမှု၊ ဈေးအတွင်း လမ်းများ ရေစီးရေလာကောင်းမွန်ရေး နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဈေးအတွင်း ပြည်သူများနှင့် ဈေးသူ၊ ဈေးသားများဖြင့် စည်ကားစွာ ရောင်းဝယ်ဖောက်ကား နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ၎င်းတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)