လွိုင်ကော် မေ ၁၀
ကယားပြည်နယ် ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးကြည်မြိုင်က “ဝန်ထမ်းများ ဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်းစည်းကမ်းများကို ပိုမိုသိရှိ နားလည်စေရန်နှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်ရည်ရွယ် ၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ကလည်း ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းများ ဥပဒေအသိပညာ တိုးပွားရရှိစေရန် မှာကြားချက်အရ လည်းကောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်နိုင်စေရန် လေ့လာမှတ်သားသင်ယူပြီး နိုင်ငံအကျိုးအတွက် ပိုမိုထိရောက်အောင် ဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားလိုကြောင်း” စသည်ဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောဒီးဒီမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအကြောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။
ယခုသင်တန်းသို့ ပြည်နယ်တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥပဒေဝန်ထမ်းများ နှင့် ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၈၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၄)ရက် ကြာမြှင့် မည်ဖြစ်ကာ ဥပဒေဘာသာရပ် (၂၁) ခုနှင့် စာချုပ်စာတမ်းဆိုင်ရာသိကောင်းစရာတို့ကို ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုတွတ်(ပြန်ဆက်)