ပွင့်ဖြူ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ နွား၊ ဆိတ် မွေးမြူရေးလုပ်ငန်းကိုလည်း မွေးမြူလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသည်။
အဆိုပါ တစ်ပိုင်တစ်နိုင် သိုး၊ နွး၊ ဆိတ် မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုးကုန်ကျစရိတ်သက်သာပြီး မွေးမြူရာတွင် ခြံဝန်းများခတ်၍ စနစ်တကျမွေးမြူနိုင်သဖြင့် မွေးမြူလုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိသည်။ ထိုသို့ မွေးမြူရာတွင် သိုး၊ ဆိတ်များသည် တစ်နှစ်လျှင်အနည်းဆုံး သားပေါက်နှစ်ကောင်နှုန်းပေါက်ဖွားလေ့ရှိပြီး အကျိုးပေးပါက သားပေါက်လေးကောင်အထိ ပေါက်ဖွားလေ့ရှိကြောင်း၊ နွားမွေးမြူရေးမှာ တစ်နှစ်လျှင် သားပေါက်တစ်ကောင်သာ ပေါက်ဖွားကာ အကျိုးပေးပါကနှစ်ကောင်ထက်မနည် သားပေါက်လေ့ရှိကြောင်း သိရသည်။ ယခုလက်ရှိတွင် ကျွဲ၊ နွား၊ သိုး/ဆိတ်၊ ဝက် စသည့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းမွန်နေကာ မွေးမြူလုပ်ကိုင်ကြသူများအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသမှာ တောင်သူအများစုက စိုက်ပျိုးရေးလုပ်ငန်းနဲ့တွဲဖက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ နွား၊ ဆိတ်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ သိုး၊ နွား၊ ဆိတ်မွေးမြူရေးလုပ်ငန်းက လွှတ်ကျောင်းစနစ်နဲ့ မွေးမြူလုပ်ကိုင်နိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ်သက်သာလို့ အဆင်ပြေတယ်ဗျ။ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းကတော့ တစ်နှစ်ကိုအနည်းဆုံး သားပေါက်ငယ်နှစ်သားနဲ့ တစ်ဗိုက်မွေးမြူလေ့ရှိပါတယ်။ အကျိုးပေးပါက သားပေါက် လေးကောင်အထိပေါက်ဖွားပါတယ်။ နွားမွေးမြူရေးကတစ်နှစ်ကို သားပေါက်တစ်ကောင်သာပေါက်ဖွားပြီး အကျိုးပေးမှသာ နှစ်ကောင်ထက်မနည်း သားပေါက်ပါတယ်။ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်ပြီး မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနကလည်း ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေကို အောင်မြင်ဖြစ်ထွန်းမှုရှိစေဖို့နဲ့ စနစ်တကျမွေးမြူလုပ်ကိုင်တတ်စေဖို့အတွက် လိုအပ်တဲ့အခြေခံတိရစ္ဆာန်မွေးမြူရေးဆိုင်ရာနည်းပညာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ လက်ရှိမှာ သိုး၊ နွား၊ ဆိတ်မွေးမြူရေးလုပ်ငန်းက ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းနေလို့ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိလို့ လုပ်ငန်းအဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )