ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အေးကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မိသားစုဝင်ငွေများရရှိနေမှုကို ကွင်းဆင်းစစ်ဆေး

ရွှေဘို ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အေးကုန်းကျေးရွာတွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းဖြင့် ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဝက်လက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန်နှင့် လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိရန် ရည်ရွယ်၍ ဆောင်ရွက် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးမြင့်နှင့် တာဝန်ရှိသူများက ကျေးရွာ ကော်မတီ ဝင်များ နှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ စာရင်းဇယားဖြည့်သွင်း ထားမှုပုံစံများ၊ စီမံကိန်းချေးငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အေးကုန်းကျေးရွာတွင်  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကို ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင်  ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၈၃) ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၂၄)ဦး၊ သက်မွေး လုပ်ငန်းလုပ်ကိုင်သူ (၂၃)ဦး၊ ကုန်ထုတ် လုပ်ငန်း လုပ်ကိုင်သူ(၂)၊ အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူ(၇)ဦး စုစုပေါင်း(၁၃၉)ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ဝက်လက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းထွေး ထံမှသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)