အိမ်မဲ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန မှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍ အ-ထ-က (၁)ကျောင်းနှင့် အထက်ပိုင်းရပ်ကွက်တို့၌ ပတ်ဝန်းကျင်သန့်ရှင်းရေးများပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ စစ် လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
“မိုးရာသီ ကျရောက်တော့မှာဖြစ်တဲ့အတွက် မိုးရွာတဲ့အခါ ရေတင်နိုင်တဲ့ တာယာကွင်း၊ ဝါးဆစ်၊ အစရှိသည်တို့မှာ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်ပါတယ်။ ကျောင်းတွေမှာဆိုလည်း ဘုရားပန်းအိုး၊ ရေအိုး၊ ရေစည်တွေမှာလည်း ပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းများ မဖွင့်မီ တာဝန်ရှိသူတွေကို အသိပညာပေးတာတို့၊ အဘိတ်ဆေးခတ်တာတို့၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဆောင်ရွက်တာဖြစ်ပါတယ်။ ရပ်ကွက်တွေမှာလည်း ဆက်လက်ဆောင်ရွက်သွာမှာဖြစ်ကြောင်း” မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင် ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)